နွေဦးတော်လှန်ရေးကာလအတွင်း အစအန ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။ ။ ၂၈ မေ ၂၀၂၁

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အုပ်စုမှ နိုင်ငံ့ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ပြီး နိုင်ငံ တော်အာဏာကို သိမ်းယူပြီးချိန်မှ စစ်အုပ်စုသည် ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ပစ် ခြင်းများ အပါအဝင် ကြီးလေးသော ရာဇဝတ်မှုများ ကို အစဉ်တစိုက် ကျူးလွန်လျက်ရှိပါသည်။
ထိုအထဲတွင် တရားမဲ့ ဖမ်းဆီးခံခြင်း၊ အလောင်း ဖျောက်ဖျက်ခြင်းတို့လည်း ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ များပြားလှသော အရေအတွက် ရှိသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ် သူ ပြည်သူများသည် နေအိမ်သို့ ပြန်မရောက်နိုင်ကြ သလို စုံစမ်းရှာဖွေ၍ မရဘဲ ပျောက်ဆုံးလျက်ရှိပါ သည်။ ထိုသို့ အစအနပျောက်ဆုံးသူများထဲတွင် အချို့မှာ အသက်သေဆုံးသွားခဲ့သူများ ရှိနိုင်သလို အချို့မှာ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်း များတွင်လည်း ရှိနေနိုင်ပါသည်။ ထိုသို့ ပျောက်ဆုံး နေမှုများရှိနေရခြင်းမှာ အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူများအား ဖမ်းဆီးပြီးနောက် မည်သည့် နေရာ တွင် ထိမ်းသိမ်းထားသည်ကို မဖော်ပြခြင်း၊ ရှေ့နေနှင့် တွေ့ဆုံခွင့်မပြုခြင်း၊ သက်ဆိုင်ရာ မိသား စုထံ အကြောင်းကြားမှု မရှိခြင်းတို့သည် အဓိက အချက်ပင်ဖြစ်သည်။
အချို့ဖမ်းဆီးခံများမှာ ကာလကြာမြင့်စွာ အဆက် အသွယ်မရဘဲ သတင်းအစအနပျောက်ဆုံးနေကာ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူတို့ ၏ သတင်းပေးမှုကြောင့် သော်လည်းကောင်း ဖမ်းဆီးခံရသူများ၏ တည်နေရာကို သိရှိကြရသည်။ အချို့မှာ ရှေ့နေများ၊ အကျဉ်းထောင်တွင်းသို့ အစား အသောက်သွင်းခွင့်ရသည့် မိသားစုများ၊ ဥပဒေပိုင်း ဆိုင်ရာ အကူအညီပေးနေသည့် အဖွဲ့များ၏ အသိ ပေးအကြောင်းမှုသာ တည်နေရာကို သိရှိကြရသည်။ အာဏာသိမ်းစစ်အုပ်စုကမူ တစ်စုံတရာ ထုတ်ပြန် ကြေ ညာခြင်းမရှိပေ။
အစအန ပျောက်ဆုံးနေသူများထဲတွင် AAPP မှ လက်လှမ်းမီသလောက် စုဆောင်းရရှိသည့် အရေ အတွက်မှာ ၇၅ ဦးရှိသည်။
ထို ၇၅ ဦးတွင်
· လုံးဝ ပျောက်ဆုံးနေသူ ၁၉ ဦးရှိသည်။ ထိုသူများမှာ ယင်းမာပင်၊ ကနီ မြို့နယ်များတွင် အာဏာသိမ်းစစ်အုပ်စုမှ ရွာထဲသို့ အကြမ်းဖက် ဝင်ရောက် စီးနင်းပစ်ခတ်သဖြင့် ထွက်ပြေးရင်း ပျောက်ဆုံးသွားသူ ၁၄ ဦး ပါဝင်သည်။ မမိုးဆန်း စုကြည် အပါအဝင် (၄) ဦးမှာ ၎င်းတို့ တိမ်းရှောင် နေသည့် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ထိုသူတို့သည် ဖမ်းဆီးခံရသည်ဟု သံသယရှိသော် လည်း မည်သည့်အချိန်၊ မည်သူမှ လာရောက် ဖမ်းဆီးကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ တစ်ဦးမှာ တကိုယ်တော် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံ ခဲ့ရကာ ရ ရက် အချုပ်ချရပြီး ပြန်လွှတ်ပေး လိုက်သည်ဟု ဆိုသော်လည်း ယနေ့အထိ အိမ်ပြန် ရောက်ခြင်း မရှိခဲ့ပါ။
• ဖမ်းဆီးခံရသည်မှာ သေချာပြီးနောက် အစအန ပျောက်ဆုံးနေသူ ၄ ဦးရှိသည်။ ၃ ဦးမှာ CDM ထောက်ပံ့မှု၊ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်မှုဖြင့် ဖမ်းဆီးခံရပြီး မြောင်းမြထောင်သို့ ပို့ဆောင်မည်ဟု သတင်းကြားရသော်လည်း ယနေ့အထိ မိသားစုနှင့် အဆက်အသွယ် မရဘဲ အစအန ပျောက်ဆုံးလျက် ရှိသည်။ တစ်ဦးမှာယင်းမာပင်မြို့တွင် ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေခြင်းဖြစ်သည်။
• ၂၄ ဦးမှာ နေအိမ်များမှ အကြောင်းကိစ္စ တခုခုဖြင့်အပြင်သို့ ထွက်သွားသော်လည်း ရက်ပေါင်းများစွာအထိ အိမ်ပြန်မရောက်သူ များဖြစ်သည်။ ထိုအထဲတွင် ဆန္ဒထုတ်ဖော် ရာတွင် ပါဝင်ရန်အတွက် နေအိမ်မှ ထွက် သွားသူများ၊ ဘဏ်တွင် ငွေသွားထုတ်သူ များ၊ ဈေးဝယ်ထွက်သူများ၊ အစားအစာ ထွက်စားသူများ ပါဝင်သည်။ ထိုသူများကို သေချာစေရန် ထပ်မံအတည်ပြုနေဆဲ ဖြစ် သည်။
• ၂၈ ဦးမှာ အဖမ်းရသည်မှာ သေချာ သော်လည်း မည်သည့်နေရာတွင် ချုပ် နှောင်ထားကြောင်း မိသားစုမှ မသိရှိရသူ များဖြစ်သည်။ ထိုအထဲမှ တစ်ဦးမှာ စစ်အုပ်စုမှ ပစ်ခတ်၍ သေနတ်မှန်ခဲ့ပြီး ထိုသူအား ဒရွတ်တိုက် ဆွဲခေါ်သွားခြင်း ခံရကာ ယနေ့အထိ မိသားစုနှင့် အဆက်အသွယ်မရပဲ ပျောက်ဆုံးနေခဲ့သူ ဖြစ်သည်။ ထိုသူများကို သေချာစေရန် ထပ်မံအတည်ပြုနေဆဲ ဖြစ်သည်။
အချက်အလက်များကို ကောက်ယူရာတွင်
• နေအိမ်များမှ ထွက်ခွာသွားပြီး ဆန္ဒထုတ် ဖေါ်ပွဲများတွင် ပူးပေါင်းပါဝင်ခဲ့ရာမှ စစ် အုပ်စု၏ အကြမ်းဖက်မှုများကြောင့် နေအိမ် များသို့ ပြန်မလာနိုင်ပဲ မိသားစု၊ ဆွေမျိုးနှင့် မိတ်ဆွေများနှင့် ရက်ပေါင်းများစွာ အဆက် အသွယ် မရတော့သူများ၊
• လမ်းမများပေါ် သွားလာနေစဉ်အတွင်း စစ် အုပ်စု၏ စစ်သား၊ ရဲများက စစ်ဆေး မေး မြန်းရန် ခေါ်ဆောင်သွားပြီးနောက် ဆက် သွယ်မှု ပြတ်တောက်သွားခြင်းများ၊
• နေအိမ်များသို့ ဝင်ရောက်စီးနင်းသည့်အချိန် တိမ်းရှောင် လွတ်မြောက် သွားသော် လည်း ထိုအချိန်မှစ၍ အဆက်အသွယ်မရ တော့သူများ၊
• တိမ်းရှောင် ပုန်းအောင်းနေသည့် နေရာများ တွင် ဖမ်းဆီးခြင်းခံရပြီးနောက် လိုက်လ ံစုံစမ်း၍ မရတော့ဘဲ အဆက်အသွယ် ပြတ် တောက်သွားသူများ၊
• အဖမ်းခံရပြီး စစ်ဆေးနေကြောင်း သိရှိရ သော်လည်း မည်သည့် နေရာတွင် ထား ရှိကြောင်း မဖေါ်ပြခြင်း၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မရသေးသူများ စသဖြင့် အစ အန ပျောက်ဆုံးနေသူများအား စုဆောင်း ထားခြင်း ဖြစ်သည်။
အဆိုပါအရေအတွက်သည် AAPP မှ အချက်အလက် ကောက်ယူ စုဆောင်းထားသည့် အရေအတွက် ဖြစ်သည်။ အမှန်တကယ် အစဖျောက်ခံရသူများမှာ ယခုထက် ပိုများနိုင်ပါသည်။
နိုင်ငံတကာဥပဒေများအရ အစဖျောက်ခြင်း အင်္ဂါရပ် များမှာ လူပုဂ္ဂိုလ် တစုံတယောက်အား တရားမဝင် ချုပ်နှောင်ထားခြင်း သို့မဟုတ် အခြားတပါးသို့ ခေါ် ဆောင်သွားခြင်း၊ ခံရသူ၏ ဆန္ဒမပါခြင်း၊ ပျောက်ဆုံး နေသူများ၏ သတင်းအချက်အလက်များ ထုတ်ပေး ရန်ပျက်ကွက်ခြင်း၊ အစဖျောက်ခြင်းနှင့်ပတ်သက်၍ ငြင်းကွယ်မှုဟု သတ်မှတ်ထားသည်။
နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွင် အစအန ပျောက်ဆုံးနေသူများနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အဆိုပါ ပျောက် ဆုံးမှုများကို ကျူးလွန်ခြင်း မပြုရန်၊ လျစ်လျူ ရှုခြင်း မပြုရန်နှင့် စုံစမ်းစစ်ဆေးမှုများအား ဟန့်တား နှောက်ယှက်ခြင်းမပြုရန် ရှင်းလင်းတိကျစွာ ဖော်ပြ ထားသည်။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ပျောက် ဆုံးနေသူများနှင့်ပတ်သက်၍ တစ်စုံတရာ ဖြေရှင်း ဆောင်ရွက်ခြင်းမပြုသလို ထိုအရေးနှင့်ပတ်သက်၍ လုပ်ကိုင် ဆောင်ရွက်နေသည့် အရပ်ဖက် လူမှု အဖွဲ့အစည်းများကို ခြိမ်းခြောက်ခြင်း၊ အရပ်သား ပြည်သူများကို ဖိနှိပ်ချုပ်ချယ်ခြင်းများ ကိုသာ ကျူးလွန်လျက်ရှိသည်။
ပျောက်ဆုံးနေသည့် လူပုဂ္ဂိုလ်များကို တက်တက် ကြွကြွ စုံစမ်းရှာဖွေရန်နှင့် အစီရင်ခံတင်ပြရန် နိုင်ငံများအားလုံးကို တောင်းဆိုခြင်းနှင့် ပတ်သက် သည့် ဆုံးဖြတ်ချက် အမှတ် ၂၄၇၄ ကို ၂၀၁၉ ခုနှစ် ဇွန်လ၊ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တညီတညွှတ်တည်း အတည်ပြုလက်ခံ သဘောတူခဲ့ကြသည်။ ချစ်ခင်မြတ်နိုးရသူများ၏ ကံကြမ္မာကိုသိရှိပိုင်ခွင့်မှာ အခြေခံ လူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်ကို ဆုံးဖြတ်ချက်များက ထပ်ကာ တလဲလဲ မီးမှောင်းထိုးပြလျက် ရှိသည်။
နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေ ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက လေ့လာမှုတွင် “အဖွဲ့အစည်းတစ်ခုခုက လူများ ပျောက်ဆုံးနေမှုကို မှတ်တမ်းတင်၍ ထုတ်ပြန်ချက် များပြုလုပ်လာသည့်နောက်တွင် ထိုပျောက်ဆုံးနေ သူများနှင့် ပတ်သက်သည့် အရေးကိစ္စများ အတွက် မဖြစ်မနေ ဖြေရှင်းဆောင်ရွက်ရန် တာဝန် ရှိသည်” ဟု အခိုင်အမာ အတည်ပြုထားသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အနေဖြင့် နွေဦးတော်လှန်ရေးကာလ အတွင်း လူဦးရေ (၇၅) ဦးပျောက်ဆုံးနေသည်ကို အချက်အလက် ကောက်ယူစုဆောင်း ထားခဲ့ပြီး ယခုကဲ့သို့ ပြည်သူများ၏ ပျောက်ဆုံးနေမှုများ ဖြစ်ပေါ်လာစေရန် ရာဇဝတ်မှုများနှင့် တိုင်းပြည် မငြိမ်သက်မှုများကို ဖန်တီးနေသော အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုတွင် အပြည့်အဝတာဝန်ရှိနေ သည်။
AAPP အနေဖြင့် စစ်အာဏာသိမ်းမှု ကာလအတွင်း အစအန ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရများနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ ထိရောက်သော ပါဝင်ပတ်သက်မှုများ ပြုလုပ် ဖြေရှင်းပေးပါရန် အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။