လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ

အစီရင်ခံစာ၏ အပိုင်း (၁) ဖြစ်သော နိဒါန်းပိုင်းတွင် မြန်မာနိုင်ငံမှ HRD များ ကြုံတွေ့ရသည့် ကိစ္စရပ်များ၏ နောက်ခံသမိုင်းကြောင်းကို ရှင်းပြထားပြီး တိုင်းပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို ဖော်ပြထားသည်။ အကျဥ်းပြောရလျှင် သမ္မတ ဦးသိန်းစိန်၏ အရပ်သားတစ်ပိုင်းအစိုးရ အာဏာရလာသည့် ၂၀၁၁ ခုနှစ် အစောပိုင်းမှစ၍ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများစွာကို ဖြတ်သန်းခဲ့ရာ HRD များ၏ အခြေအနေ တိုးတက်လာမည်ဟု လူအများမျှော်လင့်ခဲ့ကြသည်။ ၄င်းတို့အနေဖြင့် တန်ဖိုးရှိပြီး တရားဝင်မှုရှိသော လူ့အခွင့်အရေးအလုပ်ကို လွတ်လပ်စွာလုပ်ဆောင်ခွင့် ရလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ရွေးကောက်ပွဲများ နီးသထက်နီးလာချိန်  HRDများ လှုပ်ရှားနိုင်သည့် ဒီမိုကရေစီနယ်ပယ်၊ အရပ်ဖက်အသိုင်းအဝိုင်းနယ်ပယ်မှာ ထိတ်လန့်စရာကောင်းလာအောင် ပြန်လည်ကျဥ်းမြောင်းလာနေသည်။ ယခုအခါ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားသူများသည် ယခင်ကလိုပင် အန္တရာယ်များသည့် ပတ်ဝန်းကျင်၌ လှုပ်ရှားနေကြရဆဲဖြစ်သည်။