မီးလိပ်ပြာ

မြန်မာနိုင်ငံသမိုင်း၏ ခေတ်အဆက်ဆက်တွင် ပြည်သူလူထုသည် ကြီးမားကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးကို ကျူးလွန်ခံခဲ့ရ၊ ကျူးလွန်ခံနေရဆဲဖြစ်သည်ကို လူတိုင်း သိရှိနားလည်ထားပြီးဖြစ်ပါသည်။ ကျူးလွန်ခံရသည့် ပြည်သူလူထုအပေါ်တွင် တရားမျှတမှု ရှာဖွေပေးနိုင်ခြင်းမရှိသကဲ့သို့ အာဏာရှင်အဆက်ဆက်တွင်လည်း ရာဇဝတ်မှုများကို ပို၍သာ ဆက်တိုက်ကျူးလွန်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရသည့်အပြင်၊ မတူညီကြသည့် ပြည်သူလူထု အချင်းချင်း အပြန်အလှန် ယုံကြည်မှု ကင်းမဲ့ကာ အာဏာရှင်များ၏ ထင်တိုင်းကြဲ ယုတ်မာမှုများကို မျက်ဝါးထင်ထင် ကြုံတွေ့ရလျက်ရှိပါသည်။
ဤ”မီးလိပ်ပြာ” ဟူသည့် ရုပ်ပြစာအုပ်သည် စစ်အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကြောင့် ပြိုကွဲခဲ့ရသည့် မိသားစု တစ်စုအကြောင်းကို အခြေတည်ပုံဖော်ထားပြီး အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှု၏ အရေးပါပုံကို ရုပ်ပုံများဖြင့် ဖော်ပြထားသည့်အတွက် ဖတ်ရှုသူများအနေဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုကို လွယ်ကူရှင်းလင်းစွာဖြင့် နားလည်နိုင်မည်ဟု မျှော်လင့်ပါသည်။